မိုင်းခုတ် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းခုတ်တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသော ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းမပြုမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ စနစ်တကျထိုးနှံတိုက်ကျွေးသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်၏ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး၊ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပြင်းထန်တီဘီရောဂါကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးတို့ပါဝင်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)