ကလိန်အောင် ဖေဖော်ဝါရီ ၁၀
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ညနေ့ပိုင်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး နိုင်ငံ့ချစ်စိတ်မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်အတွက် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့က ဖဆပလအဖွဲ့ချုပ် ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်ထောင်စုကြီး အဓွန့်ရှည်ဖို့ ဒို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဉ်သွေးစည်း ညီညွတ်ကြပါစို့၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရ ငြိမ်းချမ်းရေးဆီသို့ တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပြတ်ရှေ့သို့ဆက် ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများ စသည်တို့ ပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)