လိပ်သို ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းသား/ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက ၁၉ ရာစုနောက်ပိုင်းတွင် တွေ့ရှိရသော မူးယစ်ဆေးဝါး အမျိုးအစားများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအလွဲသုံးရာမှ စွဲစေတတ်သည့် ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ၊ မူးယစ်ဆေးဝါး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးစွဲလက္ခဏာများ အကြောင်းကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် သိရှိစေရေးအတွက် နံရံကပ်စာစောင်များ ပြသခြင်းနှင့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)