ပျော်ဘွယ်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပျော်ဘွယ် ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ရောက်ရှိမည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်)တို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်၊ ပြည်ထောင် စုနေ့ဆိုင်ရာ အသိပညာပေးစာစုများ၊ ကဗျာ၊ကာတွန်းများ စသည့်အကြောင်းအရာများပါဝင်ပြီး၊ ကျောင်းသား/သူ၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရ နေ့ထူးနေ့မြတ်တို့ကို မမေ့လျော့ဘဲ အစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်၍ နိုင်ငံ့အကျိုးပြုလူငယ်၊ လူရွယ်များ ပေါ်ပေါက်လာစေ ရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)