စဉ့်ကိုင် ဖေဖော်ဝါရီ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာအုပ်စု၊ ပုလဲအမှတ်(၈) သမဝါယမအသင်းစုပိုင်ဆန်စက်အား ယနေ့နံနက် ၉ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုလဲအမှတ်(၈)သမဝါယမ အသင်းစုအစည်းအဝေးခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမြင့်စိုးက မန္တလေးတိုင်းသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူးဒေါ်ခင်မြတ်ကြူ၊ မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦးစိန်သောင်း၊ အသင်း၀င်များနှင့်တွေ့ဆုံ၍ သမဝါယမအသင်း စုပိုင် ဆန်စက်အား ပုံမှန်လည်ပတ်နိုင်ရေး၊ ဒေသခံတောင်သူလယ်သမားများ၊ စပါးကုန်သည်များ အနေဖြင့်စျေးနှုန်း သက်သာပြီး အရည်အသွေးကောင်းမွန်စွာဖြင့် အလွယ်တကူကြိတ်ခွဲရောင်းချနိုင်ရန်၊ သမဝါယမဦးစီးဌာနအနေဖြင့်သမဝါယမအသင်းစက်ရုံ၊ အလုပ်ရုံများ၏လက်ရှိအခြေအနေကို သုံးသပ်ပြီး အလုပ် ဖြစ်အောင်၊ ကုန်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန်၊ ငွေကြေး၊ ကုန်ကြမ်းပစ္စည်း၊ လုပ်သား၊ စျေးကွက်နှင့် နည်းပညာလိုအပ်ချက်များရရှိအောင် ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးစိန်သောင်းက ပုလဲအမှတ်(၈)ဆန်စက်မှအရည်အသွေးမှန်၊ စျေးနှုန်းမှန်၊ စံချိန်မီ ဆန်စပါးကြိတ်ခွဲဖြန့်ဖြူးခြင်းလုပ်ငန်းများ စိတ်တိုင်းကျ ဆောင်ရွက်ပေးလျက်ရှိပြီး ဆန်စက်အမျိုးအစား၊ ဆန်စက်စွမ်းအား၊ ဆန်စက်၀န်ထမ်းအင်အား၊ စပါးသိုလှောင်ရုံ၊ ဆန်စက်ကြိတ်ခွဲမှုအခြေအနေ ဆန်စက်လည်ပတ်မှုအခြေအနေများကို တင်ပြခဲ့ပြီး ဒုတိယ၀န်ကြီး နှင့်အဖွဲ့သည်ဆန်စက်ရုံအတွင်း စပါးသိုလှောင်ထားရှိမှု၊ ခေတ်မီစက်များဖြင့် ဆန်ကြိတ်ခွဲနေမှု၊ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို လှည့် လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)