မိတ္ထီလာ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
“(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကလေးပြိုင်ပွဲကို ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မြို့နယ်အတွင်းရှိ မွေးစမှ(၆)လမှ(၁)နှစ်အတွင်း ကလေးများနှင့်(၁)နှစ်မှ (၁)နှစ်(၆)လအတွင်း ကလေးများအား အဖွဲ့(၅)ဖွဲ့ခွဲကာ သတ်မှတ်ထားသည့်စံချိန်စံနှုန်းများအတိုင်း ကျန်းမာရေးအသိ၊ ကာကွယ်ဆေးထိုးနှံမှု၊ ကိုယ်အလေးချိန်တိုင်းတာမှု၊ သန့်ရှင်းသပ်ရပ်မှု စသည့်အချက်အလက်များပါဝင်သော စစ်ဆေးမေးမြန်မှုပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဆုများရွေးချယ်ခဲ့ရာ ၎င်းပြိုင်ပွဲကို ကလေးငယ် ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း” မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ကလေးပြိုင်ပွဲတွင် ဆုရရှိသည့်ကလေးများအား ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်း၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ကလေးများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်