စဉ့်ကူးမြို့နယ် မြသီတာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

စဉ့်ကူး   ဖေဖော်ဝါရီ    ၁၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မြသီတာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့​သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်အေးအေးထူးနှင့် စီမံကိန်းဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံ၍ မြသီတာကျေးရွာမြစိမ်းရောင်စီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း စသည့် တစ်နိုင်တစ်ပိုင် ဝင်ငွေတိုးလုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်မှုရှိ/မရှိ၊ ငွေစာရင်းပုံစံများ စနစ်တကျ ရေးသွင်းခြင်း ရှိ/မရှိနှင့် စီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စသည့် အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မြသီတာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်က ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဒုတိယ)နှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၄) ဦးအတွက် ငွေကျပ် ၁၈၁၅၀၀၀၀၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၆)ဦး အတွက် ငွေကျပ် ၇၄၅၀၀၀၀၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၄)ဦး အတွက် ငွေကျပ် ၂၅၅၀၀၀၀၊ အသက်မွေးလုပ်ငန်း လုပ်ကိုင်သူ (၁၁)ဦးအတွက် ငွေကျပ် ၃၄၀၀၀၀၀ ၊ စုစုပေါင်း အသင်းသား အသင်းသူ (၇၅) ဦး တို့အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၃၁၅၅၀၀၀၀ ကို ထုတ်ချေးပေးထားပြီး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်အေးအေးထူးထံမှ သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)