ရပ်စောက် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အဖွင့်အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ ဒိုင်တစ်ဦးမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို စတင်ကျင်းပခဲ့သည်။
ဆက်လက်၍ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များအား ပြသထားရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ဆုမွန်(ရပ်စောက်)