စဉ့်ကူးမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

စဉ့်ကူး ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃  ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ “စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” ဆောင်းပါး၊ ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် “စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့”ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀−၁−၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းကောက်နုတ် ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂−၂−၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကာတွန်းနှင့် ဆောင်ပုဒ်စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ ရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန်အတွက် နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်း ပေးခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာအုပ်ပြပွဲများ ပြသပေးခြင်း တို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)