မိုင်းခုတ် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စုအတွင်းရှိ ပါမူကျေးရွာ၊ မာမူအဲကျေးရွာ၊ ဟားကွယ်ကျေးရွာနှင့် နားခိုကျေးရွာများမှ လားဟူရှည်(ခ)လားဟူဝါ လူမျိုး များ၏ ရိုးရာနှစ်သစ်ကူးပွဲတော်(ပထမအကြိမ်)ကို ယမန်နေ့ နံနက်ပိုင်းက ဝမ်ကောင်းကျေးရွာရှိ ခန်းမဆောင်၌ စုပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားဟူရှည်(ခ)လားဟူဝါ လူမျိုးများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပချိန်သည် သာမာန်လားဟူ လူမျိုးများနှစ်သစ်ကူးပွဲတော်ကျင်းပသည့် ထင်းရှူးပင်များအဖူးဖူးသည့်အချိန်၊ ချယ်ရီပန်း၊ မက်မွန်ပန်းနှင့် မက်မန်းပန်းများ အပွင့်ပွင့်သည့်အချိန်၊ နှစ်စဉ်တပို့တွဲလဆန်း (၁)ရက်နေ့မှ စတင်ကျင်းပကြ ကြောင်း၊ ပွဲတော်အချိန်တွင် သာမန်လားဟူလူမျိုးများကဲ့သို့ မိမိထက် သက်ကြီးဝါကြီး ပုဂ္ဂိုလ်များအား အေးချမ်းစေကြောင်း အနက်အဓိပ္ပာယ်ဆောင်သည့် လက်ဆေးကန်တော့ကြကြောင်း၊ သာမန် လားဟူလူမျိုးများသည် ပွဲတော်ကာလအတွင်း ခေါပုတ်နှင့် ဝက်သားများအား လားဟူလူမျိုး အချင်းချင်းနှင့် ဖိတ်ကြားထားသော မိတ်ဆွေများအား လက်ဆောင်ပေးလေ့ရှိပြီး အသားငါးဟင်းလျာ များဖြင့် တည်ခင်းဧည့်ခံလေ့ရှိသော်လည်း လားဟူရှည်(ခ)လားဟူဝါလူမျိုးများသည် အသားမသတ်၊ ခေါပုတ်တစ်မျိုးတည်းကိုသာ လက်ဆောင်အဖြစ်ပေးလေ့ရှိပြီး သက်သက်လွတ်ဟင်းလျာ များဖြင့်သာ တည်ခင်းဧည့်ခံလေ့ရှိကြောင်း၊ ပွဲတော်နောက်ဆုံးရက်မှသာ ဝက်တစ်ကောင်သတ်၍ တစ်ရွာလုံး စားပွဲအဖြစ် ကျင်းပပြုလုပ်ကြကြောင်း သိရသည်။
ထို့ပြင် သာမန်လားဟူလူမျိုးများသည် ထင်းရှူးပင်၊ ချယ်ရီပန်း၊ မက်မန်းပန်းနှင့် မက်မွန်ပန်းများအား ဝါးတိုင်တွင်ချည်၍လည်းကောင်း၊ စပါး၊ ကောက်ညှင်းနှင့် အခြားသီးနှံမျိုးစေ့များ ထည့်ထားသည့် တောင်းများအား စားပွဲအထက်တွင်တင်၍လည်းကောင်း မနက်နေထွက်သည်မှ နေဝင်ချိန်အထိ အိုးစည်၊ ဗုံမောင်း၊ ပလွေများတီးမှုတ်ကာ ဝိုင်းဝန်းကကြပြီး လိုရာဆုကို တောင်းကြသော်လည်း လားဟူရှည် (ခ)လားဟူဝါ လူမျိုးများသည် နေ့ဘက်တွင်ကလေ့မရှိဘဲ ညလုံးပေါက် မနက်လင်းသည်အထိ ကကြကြောင်း၊ ပွဲတော်ကာလတွင် သာမန်လားဟူလူမျိုးများကဲသို့ အမျိုးသားများမှာ ဂျင်ပေါက်ကစားကြပြီး အမျိုးသမီးများမှာ ဒိုးပစ်ကစားကြကြောင်းလည်း သိရသည်။
ပွဲတော်အခမ်းအနားတွင် လားဟူရှည်(ခ)လားဟူဝါလူမျိုးများက ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် မိမိထက်သက်ကြီးဝါကြီးပုဂ္ဂိုလ်များအား လက်ဆေးကန်တော့ကြသည်။ ထို့နောက် ရိုးရာ အိုးစည်၊ ဗူးခါးပုလွေနှင့် ဗုံမောင်းများတီးကာ ရိုးရာအကများဖြစ်သော ကောက်စိုက်အက၊ ဗူးပလွေ အက၊ ဗုံတီး ဝိုင်းပတ်အကများဖြင့် စုပေါင်းကကြရာ ဖိတ်ကြားထားသော ဧည့်သည်တော်များကလည်း ပျော်ရွှင်စွာ အတူတကွဝင်ရောက်ကခုန်ခဲ့ကြပြီး ဧည့်သည်တော်များအား ထမင်းဟင်းလျာများဖြင့် တည်ခင်းဧည့်ခဲ့ကြောင်း သိရသည်။
အဆိုပါ လားဟူရှည်(ခ)လားဟူဝါလူမျိုးများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခင်က မိမိကျေးရွာ အလိုက်သာကျင်းပခဲ့ကြပြီး ယခုအခါ ပထမဆုံးအကြိမ်အဖြစ် စုပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)