သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

သံတောင်ကြီး ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် အကြောင်းအရာများ၊ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွှတ်မှုဖြင့် ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံဖြင့် ကမ္ဘာ့အလယ်မှာရပ်တည်နိုင်ခဲ့သည့် အကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သောမျိုးချစ်စိတ် စသည့်အကြောင်းအရာတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို We love Thandaung Gyi Page တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ