မြောက်ဥက္ကလာပမြို့နယ်တွင် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မြောက်ဥက္ကလာပ  ဖေဖော်ဝါရီ  ၁၀

ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာမှရရှိသည့် အသိပညာများအပြင် ပြင်ပဗဟုသုတများရရှိနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၁ နာရီက (ဋ)ရပ်ကွက်ရှိ အ.မ.က(၁၈)ကျောင်းတွင်  နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာကြည့်တိုက်အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.မ.က(၁၈)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရှင်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက ကျောင်းသား၊ ကျောင်းသူများအား ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို အချိန်ပေး၍ဖတ်ရှုစေလိုကြောင်း၊ သုတစာပေနှင့် ရသစာပေများကို မြို့နယ်ပြန်/ ဆက် ပြည်သူစာကြည့်တိုက်တွင် အခမဲ့အသင်းဝင်၍ ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် လူငယ်ရေးရာအသိပညာပေးအနေ လူကုန်ကူးမှုမဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံဗီနိုင်းများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဗီနိုင်းများ၊  သုတ၊ ရသ စာအုပ်စာစောင်များပြသမှုကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး  မြို့နယ်ပြန်/ ဆက်မှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက အ.မ.က(၁၈)ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းရာ အ.မ.က(၁၈) ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ ဆက်)