နောင်ချို ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လှုမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဆုကျော်က လူမှုရေးပင်စင်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သည့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် တစ်လလျှင် ငွေကျပ် ၁၀၀၀၀/-နှုန်းဖြင့် သုံးလစာတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀/-ကို နောင်ချိုမြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ (၈၅)နှစ်နှင့်အထက်သက်ကြီး ဘိုးဘွား(၃၁၉)ဦးအတွက် ငွေကျပ် ၉၅၇၀၀၀၀/-ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဆုကျော်တို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)