ဇေယျာသီရိမြို့နယ်တွင် ဆီထွက်သီးနှံစီမံကိန်းအတွက် ရွေ့လျားငွေချေးစနစ်ဖြင့် ချေးငွေထုတ်ချေး

ဇေယျာသီရိ ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာရှိ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနေအိမ်၌ ယမန်နေ့မွန်းလွဲပိုင်းက မြစိမ်းရောင်ကျေးရွာဆီထွက်သီးနှံစီမံကိန်းအတွက် ရွေ့လျားငွေချေးစနစ်ဖြင့် ချေးငွေထုတ်ချေးခြင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး၊ ဦးမျိုးမျိုးမှ အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်စိုးစိုးဦးမှ စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးဇော်မှ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးမှ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၂၀၀)အား မြစိမ်းရောင်လုပ်ငန်း ကော်မတီအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သည်။ ထို့နောက်နေကြာစိုက်ပျိုးမည့် တောင်သူ(၅၇) ဦးအား ရွေ့လျားငွေချေးစနစ်ဖြင့် ချေးငွေထုတ်ချေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်း ညွှန်ချက်နှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)