ဥတ္တရသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးလုပ်ငန်း အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ဥတ္တရသီရိ ဖေဖော်ဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်း အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံး၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာစံထွန်းဝေက အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စုနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အစာမှအသားဖြစ်အောင် ပြည်သူများအကျိုးပြုသောလုပ်ငန်းဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် ကြက်၊ ဝက်၊ ကျွဲ၊ နွားများ မွေးမြူခြင်းဖြင့်  စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်စေလိုကြောင်း အမှာစကားပြောကြားပြီး နေပြည်တော်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသန်းလင်းမှ မွေးမြူရေးလုပ်ငန်းအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဥတ္တရသီရိမြို့နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွင်ပါဝင်သည့် အဖွဲ့ဝင်များစာရင်းအားကြေညာပြီး မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် သစ္စာဓိဋ္ဌာန်ကို အဖွဲ့ဝင်များကရွတ်ဆိုခဲ့ကြကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နေပြည်တော်တိုင်းဦးစီးမှူး​ဒေါက်တာစံထွန်းဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ ဇလောင်းကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာအုပ်စု၊ မိုးစွေကျေးရွာအုပ်စု၊ ဘုရားတောင်ကျေးရွာအုပ်စုနှင့် ပိုတက်ကျေးရွာတို့မှ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)