ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး၌ အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူသင်တန်း (၁/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်မာဖြူက အခမ်းအနားမှူးသည် အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနားစသည်များတွင် အခမ်းအနားတစ်ခု အောင်မြင်ပြီး‌မြောက်အောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်းအနားမှူးဟုခေါ်ဆိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်းနှင့် အခမ်းအနားမှူးအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်ခင်မာဖြူက ဝန်ထမ်းများအား အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့်အရည်အချင်းအကြောင်း၊ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများအကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့်အသုံးအနှုန်းများအကြောင်း၊ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပြသပေးခဲ့သည်။

အဆိုပါသင်တန်းတွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ ဝန်ထမ်း(၁၁)ဦးအား (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)