မိုင်းဆတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ယနေ့နံနက်(၁၀)နာရီက အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်လတ်က မကြာမီကာလတွင် နွေရာသီရောက်ရှိတော့မည် ဖြစ်သည့်အတွက် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရန် အထူးသတိပြုကြရန်လိုကြောင်း၊ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့် ဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှုမဖြစ်စေရန် အသုံးပြုကြရန်လိုကြောင်း၊ မီးသွေး၊ ထင်းမီးအသုံးပြုသူများအနေဖြင့် အစားအသောက်ချက်ပြုတ်ပြီးပါက မီးဖိုတွင် မီးကြွင်းမီးကျန်မရှိအောင် သတိပြုသုံးစွဲကြစေလိုကြောင်း အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်လတ်နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)