ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ "လူထုစိန်ဝင်း"ရေးသားသော "အရှက်နှင့်တန်ဖိုး” စာအုပ်အားဦးဆောင်ဆွေးနွေးသည်။ ထို့နောက် စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာခိုင်မင်း(နေပြည်တော်)၊ စာရေးဆရာ မောင်မောင်တာ (သဘာဝ)နှင့် တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စာရေးဆရာ "လူထုစိန်ဝင်း"ရေးသားသော "အရှက်နဲ့တန်ဖိုး” စာအုပ်မှ ဂရုဏာမိခင်၊ မေတ္တာမိခင်၊ ကျက်သရေရှိလှတဲ့လူသား၊ ဆုကြေးနဲ့ပြစ်ဒဏ်၊ အရှက်နဲ့တန်ဖိုး စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ပြသထားသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြသထားသည့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)