မလှိုင် ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၃ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျပ်ဆည်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုလမ်းပေါ်ရှိ ဖွင့်ပွဲဆိုင်းဘုတ်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်္ဂလာအချိန်တွင် ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူ၊ အတွင်းရေးမှူး ရဲမှူးသိန်းဇော်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စုစုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး (VDP)စီမံကိန်း ရန်ပုံငွေကျပ်(၁၀)သန်းနှင့် ပြည်သူပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ လမ်းရေရှည်တည်တံ့စေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့်လမ်းကို ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုကမြို့နယ်တွင်း ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သပြေလှကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဌေးအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့သည်။
ယနေ့ဖွင့်လှစ်ခဲ့သော ကွန်ကရစ်လမ်းမှာ သပြေလှကျေးရွာတွင်းမှ ခရိုင်ချင်းဆက်လမ်းသို့ တိုက်ရိုက်ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ရန်ပုံငွေ (၁၀)သန်း၊ ပြည်သူ့လူထု ထည့်ဝင်ငွေ (၃.၆)သန်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ ကွန်ကရစ်လမ်း၏အရှည်မှာ (၁၂၃၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မ ရှိကြောင်း သိရသည်။ လမ်းဖွင့်ပွဲအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လမ်းသစ်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)