လွိုင်လင်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ

လွိုင်လင် ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်ပြသခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို အခြေခံပညာအထက်တန်းကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြခန်းတွင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ပုဂ္ဂိုလ် ၂၃ ဦး၏ မှတ်တမ်းဓာတ်ပုံများ၊ ပြည်ထောင်စုနေ့ အကြိုလှုပ်ရှားမှုဓာတ်ပုံများ၊ ကျောင်းသား/သူများအတွက် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အချက်အလက်များ ထည့်သွင်းပြသခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သော မှတ်သားစရာအကြောင်းအရာများကို ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)