စဉ့်ကူး ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းကပြုလုပ်ဆောင်ရွက်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကိုအသိပညာပေး ပြောကြားပြီး ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၃)ဦး နှင့် ဉာဏ်စမ်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား စဉ့်ကူးမြို့နယ်ပြန်/ဆက်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများအား စဉ့်ကူးမြို့နယ်ပြန်/ဆက်ရုံး ဝန်ထမ်းများက ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသည့်လက်ဆောင်များပေးအပ်ခဲ့သည်။
ထို့နောက် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ အဆိုပါနံရံကပ်စာစောင်တွင် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မျောက်ကျောက်ရောဂါဆိုင်ရာသိမှတ်ဖွယ်ရာများ၊ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများပါဝင်ပြီး ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာလာရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)