ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေယာဉ်စီးခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် ဆိပ်ကြီးနှင့်ကီလီ(ဝါးတန်း)ဆိပ်ကမ်းသို့ မောင်းနှင်လျက်ရှိသည့် ရွှေရန်ကုန်စက်တပ်ရေယာဉ်လိုင်းမှ စက်တပ်ရေယာဉ်(သမ္ဗန်)များ ကြံ့ခိုင်မှုရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ အဆိုပါစက်တပ်ရေယာဉ်ဂိတ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရေယာဉ်လိုင်း တာဝန်ရှိသူများက စက်တပ်သမ္ဗန်များ ကိုယ်ထည်ကြံ့ခိုင်မှု ရှိ/မရှိ၊ အရည်အသွေးပြည့်ဝသည့် အသက်ကယ်အင်္ကျီ(Life Jacket)များ ပြည့်စုံများထားရှိခြင်း ရှိ/မရှိ၊ ညအချိန်အချက်ပြမီး (ပွိုင့်မီး)တပ်ဆင်ထားခြင်းရှိ/မရှိ၊ အရေးပေါ်အချက်ပေးခရာ ပါရှိခြင်းရှိ/မရှိနှင့် သမ္ဗန်ဘေးကြိုးပါရှိရေးစသည့် စက်တပ်သမ္ဗန်တွင်ပါရှိရမည့်အချက်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား အသိပေးပြောကြားခဲ့သည်။
အဆိုပါ ရွှေရန်ကုန်စက်တပ်ရေယာဉ်လိုင်းတွင် လတ်တလော၌ သမ္ဗန်အကြီး ၁၀၈ စီး၊ အသေး ၆၂ စီး စုစုပေါင်း ၁၇၀ စီးဖြင့် နေ့စဉ်ရန်ကုန်မြို့ထဲသို့ အလုပ်လုပ်ရန်သွားသည့် ခရီးသွားပြည်သူ ခြောက်ထောင်ကျော်ခန့်အား ပို့ဆောင်ပေးလျက်ရှိသောကြောင့် ခရီးသွားပြည်သူများအန္တရာယ် မဖြစ်ပေါ်စေရေး ယခုကဲ့သို့စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံ (IPRD)