နမ့်ခမ်း ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးသည့် တောင်သူများက ၂၀၂၃ ခုနှစ်အတွက် နွေစပါးများကို ဖေဖော်ဝါရီလ ပထမပတ်ခန့်မှ စတင်၍ စိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ဆောင်ကြလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်ရှိ လယ်ယာတောင်သူများက နွေရာသီအချိန်အတွင်း ရေအလုံအလောက်ရရှိသော လယ်များ၌ နွေစပါးအများစု စိုက်ပျိုးကြပြီး ရေမလုံလောက်သည့် လယ်များ၌ ဆောင်းသီးနှံများဖြစ်ကြသည့် ပြောင်း၊ ဆီမုန်ညှင်း၊ သခွား၊ ပန်းနှမ်း၊ နေကြာ၊ ဖရုံ၊ အားလူးနှင့် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးကြလျက်ရှိပါသည်။ နမ့်ခမ်းမြို့နယ်သည် အအေးပိုင်းဒေသဖြစ်သဖြင့် နွေစပါးတောင်သူများက ၂၀၂၃ ခုနှစ် နွေစပါးအတွက် ဒီဇင်ဘာလ ပထမပတ်ခန့်တွင် ပျိုးထောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ထားခဲ့ရပြီး ယခုပတ်တွင် ပျိုးပင်များနှုတ်၍ စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်နေလျက်ရှိသည်။ နမ့်ခမ်းမြို့နယ်မှ နွေစပါးတောင်သူများက ဒေသရာသီဥတုနှင့် ကိုက်ညီပြီး စားသုံးရန်ကောင်းမွန်၍ အထူးအထွက်တိုးသည့် " DU-16 " နှင့် " DU-418 " စပါးမျိုးများကို အများဆုံး စိုက်ပျိုးကြသည်။ ၎င်းစပါးမျိုး (၂)မျိုးသည် ဆန်ပျော့စေးပြီး ဒေသခံပြည်သူများမှ စားသုံးရန် ကြိုက်နှစ်သက်သည့်အပြင် တရုတ်နိုင်ငံဖက်မှလည်း အဝယ်ကောင်းသဖြင့် ဈေးကောင်းရရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်၌ ၂၀၂၃-ခုနှစ် နွေ စပါးများစိုက်ပျိုးရန် လျာထားသည့် ဧက (၁၄၅၀)ဧက ရှိရာ စိုက်ပျိုးဧက (၁၄၉၄) ဧက ရှိပြီး လွန်ခဲ့သောနှစ်များမှ မြို့နယ်နွေစပါးအခြောက် တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ တင်း(၁၄၉.၇၅) ရှိခဲ့ရာ မူဆယ်ခရိုင်အတွင်း၌ နွေစပါးအထွက် အကောင်း ဆုံးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးထံမှ သိရသည်။
နမ့်ခမ်း (ပြန်/ဆက်)