ချမ်းအေးသာစံ ဖေဖော်ဝါရီ ၉
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြိုလှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲနှင့် အာဟာရကျွေးမွေးမှုကို ယနေ့နံနက် (၉)နာရီခွဲ (၃၀)မိနစ်အချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ လမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြားရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း အမှတ်(၁)တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကာယစွမ်းရည်ပြိုင်ပွဲအဖြစ် ရေဘူးရေဖြည့်ခြင်း၊ ဘောလုံးအရောင်ရွေးခြင်း၊ ကုလားထိုင်လုခြင်း အားကစားနည်းများအား သတ်မှတ်အုပ်စုအလိုက် ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေဇာဝင်းနှင့် တာဝန်ရှိသူများမှ ပထမ၊ ဒုတိယ၊ တတိယဆု ၆ ဆုစီနှင့် နှစ်သိမ့်ဆု ၃၁ ဆုတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား ၁၈၂ ဦး၊ ကျောင်းသူ ၁၆၈ ဦး၊ စုစုပေါင်း ၃၅၀ ဦး၊ ဆရာမ ၂၀ ဦးတို့အား အာဟာရအဖြစ်ကြာဇံကြော်များကျွေးမွေးခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဆရာမများမှ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျောင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြိုလှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲနှင့် အာဟာရကျွေးမွေးမှုပြုလုပ်ဆောင်ရွက်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေဇာဝင်းနှင့် အသင်းဝင်များ၊ မူလတန်းကြိုကျောင်း အမှတ်(၁)ကျောင်းအုပ်ကြီး ဦးစီးမှူးဒေါ်ခင်ဋ္ဌေးဝင်းနှင့် ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင်