တိုက်ကြီး ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပသည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်စန်းကလျာခိုင်က Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးသည်။ ထို့နောက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌစာရေးဆရာထွန်းလှိုင်(မြိုင်)နှင့် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာအောင်လေးတို့က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်ဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝံ့အသိပညာပေးဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များကို ကျင်းပဆောင်ရွက်လျက်ရှိပြီး အများပြည်သူကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုလေ့လာနိုင်ရေးအတွက် တိုက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ ဆက်)