မြိတ် ဖေဖော်ဝါရီ ၉
၂၀၂၃-ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို မြိတ်တက္ကသိုလ်တွင် အဏ္ဏဝါသိပ္ပံဌာနနှင့် မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟဟနစ်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ဦးစွာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် ပညာပေးဗွီဒီယိုပြသသည်။ ထို့နောက် မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့မှ ထိန်းသိမ်းရေးတာဝန်ခံ ဦးသူရစိုးမင်းထိုက်က ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)အကြောင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ မတူညီသောစေနစ်များ၊ မတူညီသောနေရင်းဒေသမျာနှင့်ရာသီဥတု၊ မတူညီသောသက်ရှိ သတ္တဝါများအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တနင်္သာရီကမ်းရိုးတန်းရှိ မျိုးတုံးလုနီးပါးအန္တရာယ်နှင့်ရင်ဆိုင်နေရသော ငှက်မျိုးစိတ်များအကြောင်းကို မြိတ်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဆရာဦးစိုးနိုင်ကလည်းကောင်း၊ တနင်္သာရီကမ်းရိုးတန်းရှိ ဒီရေတောများနှင့်ဆက်စပ်လျက်ရှိသော ဂေဟစနစ်များအကြောင်းကို မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာချယ်ရီအောင်ကလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် Kahoot နည်းပညာအားအသုံးပြု၍ စိတ်ပါဝင်စားသူများက ရေဝပ်ဒေသများနေ့နှင့်စပ်လျဉ်းသည့် ပဟေဠိဉာဏ်စမ်းများဖြေဆိုခဲ့ကြပြီး ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းမှ အမှတ်အများဆုံးရရှိသူများအား အဏ္ဏဝါသိပ္ပံဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာချယ်ရီအောင်က အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး