မန်တုံ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်တတ် ရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက် နိုင်စေရန်၊ လူတိုင်း စာဖတ်ခြင်းအလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မလွေးအိုင်ညွန့်စိန်(Grade-8)မှ လူငယ်နှင့်အမှား ခေါင်းစဉ်တွင်ပါရှိသည့် ရှားလော့ဟုမ်း လည်းမှားတာပဲ၊ မှားမှာကိုမကြောက်ပါနဲ့ အကြောင်းအရာများအားလည်းကောင်း၊ မမိုးမိုးစံ (Grade-7)မ လူငယ်နှင့်အောင်မြင်ခြင်း ခေါင်းစဉ်တွင်ပါရှိသည့် အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့် အမြင်များ၊ အောင်မြင်ခြင်းအတွက်တည်ဆောက်ယူခြင်း၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ် အကြောင်းအရာများအားလည်းကောင်း၊ မခင်သန်း(Grade-8)မှ လူငယ်နှင့်စူးစမ်းစိတ် ခေါင်းစဉ်တွင်ပါရှိသည့် လူငယ်နှင့် စူးစမ်းလေ့လာ မှုများ အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသူ၊ ကျောင်းသားများမှ တစ်ဦးချင်းဖတ်ကြားပြီး ခေါင်းစဉ်ပါ အကြောင်းအရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မန်တုံမြို့နယ်၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်း(မန်တောက်)မှ အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၂၁) ဦးမှ ဖတ်ကြားဆွေးနွေးခဲ့ကြပါသည်။
မန်တုံ(ပြန်/ဆက်)