ဒဂုံတောင် ဖေဖော်ဝါရီ ၉
လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် လူငယ်များအသိပညာဗဟုသုတများရရှိစေဖို့ သုတရသစာပေများ ဖတ်ရှုစေရန်လိုအပ်ကြောင်းများစသဖြင့် ဆွေးနွေးပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဦးအောင်ကျော်ကျော်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။
သက်မင်းဟန်(ဒဂုံတောင်)