မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မန်တုံ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊အမှတ်(၁)စာစောင်၊ အထူးဆောင်းပါးမှ “စိန်ရတုလွတ်လပ်ရေးမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အထက်တန်း၊ အလယ်တန်း ကျောင်းသူ၊ ကျောင်းသားများနှင့် ကျင်းပခဲ့သည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ ကျောင်းသားလူငယ်၊ လူရွယ်အတွက် စာဖတ်စွမ်းရည်များ ဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုး ဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင့် အလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မအိချိုဇင်လင်း (Grade-8)မှ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးဟူသည် နိုင်ငံ၏အချုပ် အခြာအာဏာပိုင်ဆိုင်ခြင်းနှင့်အတူ မိမိနိုင်ငံ၏နယ်နိမိတ်အတွင်း မိမိတို့၏ကြမ္မာကိုမိမိတို့ကိုယ်တိုင် ဖန်တီးခွင့်ရှိသည် အစရှိသည့်စာပိုဒ်အားလည်းကောင်း၊ မလွေးခမ်းအုတ် (Grade-9)မှ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကိုကြည့်လျှင် ကျူးကျော်စစ်ကြီးသုံးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် တစ်နိုင်ငံလုံး ဆုံးရှုံးခဲ့ရသည် အစရှိ သည့်စာပိုဒ်အားလည်းကောင်း၊ မအမ်ထေ(Grade-8)မှ အတိတ်ကာလသမိုင်းက ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ရရှိရန် ကြိုးစားရာတွင်များစွာ ခက်ခဲသကဲ့သို့ မျက်မှောက်ကာလတွင်လည်း ရရှိပြီးသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးရအောင် ထိန်းသိမ်းကာကွယ်ရန်မှာလည်း နက်နဲသိမ်မွေ့လှပါသည် အစရှိသည့် စာပိုဒ်အားလည်းကောင်း၊ ထာဝရငြိမ်းချမ်းရေး၏ အနှစ်သာရကို ခံစားရယူနိုင်ပြီး ဒီမိုကရေစီစံချိန်စံညွှန်းနှင့်ကိုက်ညီသော ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ပေါ်ထွန်းစေရေး တည်ဆောက်နိုင်မည်ဖြစ်ပါသည် အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသူများမှ အသီးသီ ယှဉ်ပြိုင်ဖတ်ကြားဆောင်ရွက်ခဲ့ပါသည်။

မန်တုံ(ပြန်/ဆက်)