သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သာကေတ   ဖေဖော်ဝါရီ   ၉    

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက်(၉:၃၀)နာရီတွင် လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်(တာဝန်ခံ) ဆရာမဒေါ်ချိုချိုအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူမှ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ၊ စာပေမှရရှိသောအကျိုးကျေးဇူးများ၊ စာပေနှင့် ရင်းနှီးမှုရရှိစေရန် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ စာပေဖတ်ရှုငှားရမ်းနိုင်သည့် အကြောင်းအရာများဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ခိုင်ဝေဝေနှင်းမှ အားကစားအမျိုးအစားများ၊ အားကစားလေ့လာလိုက်စားခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ၊ နွေရာသီကျောင်းပိတ်ရက်၌ဖွင့်လှစ်မည့် အားကစားအခြေခံသင်တန်းများအား တက်ရောက်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချခြင်း ဖြင့်ရရှိမည့် အကျိုးကျေးဇူးများဟောပြောခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာန၊ (ဌာနခွဲမှူး)၊ မြို့နယ် Youth Club ဥက္ကဋ္ဌ ဒေါက်တာအောင်ကိုဦးမှ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်လူငယ်လူရွယ်များဖြစ်လာစေရန် စားသုံးရမည့်အစားအစာများ၊ ရှောင်ကျဉ်ရမည့်အစားအစာများ၊ နေထိုင်ကျင့်ကြံရမည့်နည်းစနစ်များ၊ ကျောင်းကျန်းမာရေးနှင့်ပတ်သက်သည့်အကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှပြသသည့် အသိပညာပေးနံရံကပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှဖတ်ရှုလေ့လာခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)