ပိုင်ကျုံမြို့ (အ-ထ-က)ပတကျောင်း၌ ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံခြင်းဆောင်ရွက်

ပိုင်ကျုံ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်ရေးနှင့် ထိရောက်စွာကုသထိန်းချုပ်နိုင်စေရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က (အ-ထ-က)ပတကျောင်း၌ ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ(၄)လနှင့် အထက်ရှိသူများဖြစ်သည့် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဒေသနေပြည်သူများနှင့် ကာကွယ်တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသည့် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသည့်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ အပတ်စဉ်အင်္ဂါနေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး