ထားဝယ် ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့ အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့် တိုက်သို့လာရောက် မငှားရမ်းနိုင်သည့်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များတင်ဆောင်၍ ဆက်လက်ငှားရမ်း ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/သူများ အား သုတ/ ရသ စာအုပ် စာစောင်များငှားရမ်း ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ သူများအား ငှားရမ်းဖတ်ရှု့လိုသည့် သုတ/ရသစာအုပ်စာစောင်(၆၅)အုပ်ကိုငှားရမ်းပေးခဲ့ရာ ကျောင်းအုပ်ကြီးနှင့်ဆရာမများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက် အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Busတွင် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)