ကျောက်တံတားမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများပြုလုပ်

ကျောက်တံတား ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကျောင်းသား/သူလေးများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကျောက်တံတား အခြေခံပညာအထက်တန်း ကျောင်း၌ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုစာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာပေ၏တန်ဖိုးကို မြတ်နိုးတန်ဘိုးထားတတ်စေရန်စာပေသည် ပညာဗဟုသုတရှာမှီးရာနေရာ တစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ဉာဏ်စွမ်းပေဟဋ္ဌိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာအထက် တန်းကျောင်းမှ အလယ်တန်းဆင့် ကျောင်းသား/သူ များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ခေါင်းစဉ်အလိုက်ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်၊ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)