(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်ပြည်လမ်းတစ်လျောက် အလံများစိုက်ထူ

ရန်ကုန် ဖေဖေါ်ဝါရီ ၉

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က၊ ရန်ကုန်ပြည်လမ်းတစ်လျောက်ရှိ အထင်ကရနေရာများ၊ တံတားများနှင့်လမ်းလယ်ကျွန်းဓာတ်တိုင်နေရာများတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလံများနှင့် ရောင်စုံအလံငယ်များကို ဂုဏ်ယူဝင့်ကြွားစွာချိတ်စွဲ၊ စိုက်ထူလွှင့်တင်ထားသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် တိုင်းရင်းသားလူမျိုးများအနေဖြင့် နယ်ချဲ့လက်အောက်မှလွတ်မြောက်လိုသည့် ပြင်းပြသောအခြေခံဆန္ဒဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကြံ့ခိုင်မှုကြောင့် အမျိုးမျိုးသွေးခွဲမှု၊ သွေးကွဲမှုများရှိသော်လည်း သွေးမကွဲဘဲ စည်းလုံးညီညွတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ စည်းလုံးညီညွတ်မှုကိုအထင်အရှားပြသသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပင်လုံစာချုပ်ကြောင့်နယ်ချဲ့တို့သည် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးမှုကို အလေးဂရုပြုလာရသည်။

လွတ်လပ်ရေးကို လုံးဝရှောင်လွှဲမရဘဲပြန်လည်ပေးအပ်ခဲ့ရသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်။ နိုင်ငံကိုပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

ပြည်ထောင်စုကို ပြည်နယ်နှင့်တိုင်းများပေါင်းစည်း၍ ဗဟိုအာဏာပိုင်အဖွဲ့က စီမံခန့်ခွဲသည်ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုသည်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုတိုင်းဒေသကြီး ခုနစ်ခုနှင့် ပြည်နယ် ခုနစ်ခုတို့ဖြင့် ပေါင်းစည်းသတ်မှတ်ထားသည်။ အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မှီတင်းနေထိုင်ကြရာအနာဂတ်လူငယ်များ ဂုဏ်ယူနေရမည်ဖြစ်သည်။

အဆိုပါအလံများကို ရန်ကုန်ပြည်လမ်းဆယ်မိုင်ကုန်းလေဆိပ်လမ်းဆုံမှ ဒဂုံမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ လမ်းလယ်ကျွန်းဓာတ်တိုင်များတွင် ဘယ်/ ညာ ချိတ်ဆွဲထားပြီး ယာဉ်ပတ်အဝိုင်းများဖြစ်သော ဟံသာဝတီအဝိုင်း၊ ဦးဝိစာရအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနှင့် ရှစ်မိုင်ခုံးကျော်တံတား၊ လှည်းတန်းခုံးကျော်တံတား၊ မြေနီကုန်းခုံးကျော် တံတားများတွင်လည်းအလံများ စိုက်ထူထားသည်ကိုတွေ့မြင်ရသည်။

မကြာမီကျရောက်မည့် ၂၀၂၃ ခုနှစ်ဖေဖေါ်ဝါရီ ၁၂ ရက် (၇၆) နှစ်မြောက်ပြည်‌ထောင်စုနေ့ကို တစ်မျိုးသားလုံးက အောက်မေ့သတိရ ဂုဏ်ယူဝင့်ကြွားနိုင်စေရန် အဆိုပါအလံများကို ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့က စိုက်ထူချိတ်ဆွဲ လွှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)