မြိတ် ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ကပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲကို မြိတ်တက္ကသိုလ်ပါမေက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးကျော်မင်းက စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ဟောပြောသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက အသေးစားစက်မှုလက်မှုလုပ်ငန်းများအကြောင်း သိကောင်းစရာများနှင့် ဖွင့်လှစ်ပေးလျက်ရှိသော သင်တန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဟောပြောပွဲအပြီးတွင် မြိတ်တက္ကသိုလ်ရှိ မုန့်ဈေးတန်းဆိုင်များအား စားသုံးသူကာကွယ်ပေးရေးအတွက် စားသုံးသူရေးရာဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများကစစ်ဆေးခဲ့ကြပြီး ကုန်အညွှန်းအမှတ်အသားမပါသည့် အစားအစာများမရောင်းချကြရန် ပညာပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး