ရှမ်းရွာသစ် ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန်ရည်ရွယ်၍ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား ကျောင်းသူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကျိုးပမ်းမှုသမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများအကြောင်းများနှင့် ပြည်ထောင်စုနေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေထားသော စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်နှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး