မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

မြောက်ဥက္ကလာပ ဖေဖော်ဝါရီ  ၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ် အထက်များအား Myancopharm ကာကွယ်ဆေးများကို ပထမအကြိမ်ထိုးနှံပေးပြီး၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့နံနက် ၀၉:၀၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ Sinopharm/Sinovac  ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများ Booster (Myancopharn)နှင့် Pfizer ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရပြီး အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့ ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)