အမက-ပိုင်ကျုံ မြန်မာစုကျောင်း၌ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ   အခမ်းအနား ကျင်းပ

ပိုင်ကျုံ   ဖေဖော်ဝါဝါရီ   ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ အမက-ပိုင်ကျုံမြန်မာစုကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား/သူများက မင်္ဂလာပါသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက်   ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က လုံခြုံရေးကဏ္ဍများ၊ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍဖြစ်ကြောင်း၊ နောင်နှစ်တွင် ကလေးသူငယ်များ ကျောင်းတက်ရောက်ပညာသင်ကြားရေး မိဘများကို တက်တွန်း အမှာစကား ပြောကြားပြီး ပိုင်ကျုံမြို့ အထက-ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းတစ်ကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းသား၊ မိဘ၊ ဆရာပူးပေါင်းပါဝင်မှုက အလွန် အရေးကြီးကြောင်း၊ ကျောင်းသားလူငယ်များအား လူတော်လူကောင်းဖြစ်လာအောင် ဆရာ/မများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ပညာရေး၏ ဆောင်ပုဒ်နှင့်အညီ သွန်သင်ဆုံးမသင်ကြားရန် လိုအပ်ကြောင်း၊ ထို့သို့ ဆောင်ရွက်မှသာ အမှန်တကယ် ထူးချွန် ထက်မြက်သည့် ကျောင်းသားလူငယ်များ ပေါ်ထွက်လာမည်ဖြစ်ကြောင်းနှင့် မိဘအနေဖြင့် ကိုယ့်ဒေသ၏ စာသင်ကျောင်း ဒီထက်မက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်တွင် အောင်မြင်စွာ ဖြေဆိုနိုင်သည့် အမက-ပိုင်ကျုံမြန်မာစုကျောင်းမှ ကျောင်းသား/ သူများအား တာဝန်ရှိသူများတို့မှ ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်

ထို့နောက် အမက-ပိုင်ကျုံ မြန်မာစုကျောင်းမှ  ကျောင်းသား/ကျောင်းသူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိ ပုဂ္ဂိုလ်များကို သရုပ်ဖော် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ညတွင် ဖျော်ဖြေပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

နော်ခူး(ပြန်/ဆက်)