မူဆယ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မူဆယ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခေတ်မီစံပြကျေးရွာ( Smart Village) ထူထောင်ရေးစီမံကိန်းဖြင့် နမ့်တောင်းကျေးရွာအုပ်စု၊ မန့်ခုံလုံကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို မန့်ခုံလုံကျေးရွာ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ လမ်းသစ်ဖွင့်ပွဲတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုလမ်းသစ်ဖွင့်ရာတွင် ခေတ်မီစံပြကျေးရွာဖြစ်လာရေးအတွက် နောင်တစ် ချိန် မန့်ခုံလုံကျေးရွာသည် အဓိက Main လမ်းဆက်သွယ်ရေး ဖြစ်လာမည်ဖြစ်ကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းသည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုခြင်းဖြင့် လမ်းသစ်ဖွင့်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်စင်စိုးက ပြည်ထောင်စုမြန်မာနိုင်ငံတော်များ ကျေးရွာပေါင်း (၆၀၀၀၀) ကျော်ရှိပြီး မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးမျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး ကျေးလက်လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှစ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနသို့ တာဝန်ပေးဆောင်ရွက်စေခဲ့ကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် မန့်ခုံလုံကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေ (၄၈.၇၉၆)သန်းနှင့် ကျေးရွာပြည်သူများ၏ လုပ်အားပါဝင်မှုဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း (၂၂၆၅'×၁၂'×၇")ထု ဆောင်ရွက်ခဲ့ကြောင်း၊ မန့်ခုံလုံကျေးရွာသည် ခေတ်မီစံပြကျေးရွာ ဖြစ်လာရေးအတွက် သမဝါယမဦးစီးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသရဲ့အကျိုး၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် နိုင်ငံတော် အကျိုးအတွက်ပါ ရေရှည်မျှော်ကိုးပြီး ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်သွားကြရန်နှင့် ခေတ်မီစံပြကျေးရွာစီမံကိန်းဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေနှင့်အစုအဖွဲ့ဖြင့် ဆောင်ရွက်ရန် ငွေကျပ်သိန်း(၃၀၀)ထောက်ပံ့ခြင်း၊အိမ်တိုင်ရာရောက် ရေပေးရေးစနစ်နှင့် ကုန်ထုတ်လမ်း ဖောက် လုပ်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မန့်ခုံလုံကျေးရွာ ကော်မတီအဖွဲ့ဝင် ဦးဘမော်ကလည်း ယခုလိုဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားကာ ယင်းကျေးရွာတွင် စာသင်ကျောင်းများလည်း ဆောက်ပေးစေချင်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းကလည်း အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသော တာဝန်ရှိဌာနဆိုင်ရာများက ကွန်ကလမ်းခင်းထားသည်များကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)