တပ်ကုန်း ဖေဖော်ဝါရီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (မကျီးပင်)သုခဖြူစင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းရဲနန္ဒာစိုးက အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လူငယ်ရေးရာအသိညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် “လူငယ်နှင့် စာပေအနုပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ ကျောင်းအတွက် အားကစားဘောလုံး(၁)လုံးပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူများအား (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (မကျီးပင်)မှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ ၂၅၀ ဦးတို့ တက်ရောက်ခဲ့ပြီး၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ နှင့်နံရံကပ်စာစောင်များအား တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
တင်စိုးလွင်