ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ယနေ့နံနက်(၁၀) နာရီက အဆိုပါရုံးရှိ Community Centre တွင် ကျောင်းသား ကလေးငယ်များ စိတ်ရွှင်လန်း ပျော်ရွှင်စေမည့် ကစားနည်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများသည် လေးရွာ အခြေခံပညာအထက်တန်းကျောင်း Grade-8 မှ ကျောင်းသား/ကျောင်းသူလေးများအား ဖိတ်ခေါ်၍ စာမေးပွဲရာသီတွင် စိတ်အပန်းပြေစေရန်နှင့် စိတ်ရွှင်လန်းပျော်ရွှင်စေရန်အတွက် ပူးစီပေါင်းဖောက်ကစားနည်း၊ မျက်စိပိတ် တန်းကျော် ကစားနည်း အစရှိသည့် ကစားနည်းများဖြင့် ကစားခြင်း၊ တေးသီချင်းသီဆိုခြင်းများဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ရာ၊ ကျောင်းသား ကလေးငယ်များ ရယ်မောပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။
အဆိုပါ စိတ်အပန်းဖြေ ကစားပွဲများ ဆောင်ရွက်ရာတွင် လေးရွာအခြေခံပညာအထက်တန်းကျောင်း၊ Grade-8 မှ ကြီးကြပ်သူဆရာမနှင့် ကျောင်းသားကျောင်းသူလေးများ (၁၅)ဦး ပါဝင်ကစားခဲ့ကြပြီး၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လက်ဆောင်အဖြစ် ဗလာစာအုပ်၊ အချိုရည်နှင့် မုန့်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)