မြဝတီ ဖေဖော်ဝါရီ ၉
ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများတိုးပွားစေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်တွေအတွက်ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ လူငယ်ဘဝပညာသင်အရွယ်မှစပြီး မိမိဝါသနာဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်ရှိရမှာဖြစ်ပါကြောင်း၊ အဲ့ဒီရည်မှန်းချက်ကိုလည်း အဓိကထားပြီးကြိုးစားရမှာဖြစ်ပါကြောင်းနှင့် လူငယ်နှင့်အလေ့အထဆိုးများ၊ လူငယ်နှင့်အလေ့ထကောင်းများအား အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသား ကျောင်းသူများအား ဉာဏ်စမ်းမေးခန်းများမေးမြန်းပြီး ဖြေဆိုနိုင်သူများအား ဆုများချီးမြှင့်ပေးသည်။
ဟောပြောပွဲတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပြဘုတ်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်