လိပ်သို ဖေဖော်ဝါရီ ၉
တောင်ငူကတ်သလစ်သာသာနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့တွင် (၂၄)ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော် ဖိတ်ခေါ်ဘောလီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မယ်တော်ရင်ပြင်တွင် စတင်ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၇ ရက်မှစတင်၍ ဖေဖာ်ဝါရီလ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြို့ပေါ်(၆) ရပ်ကွက်နှင့် သာသနာနယ်အတွင်းရှိ ကျေးရွာများတွင် အမှန်တကယ်နေထိုင်သူများသာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းနှင့် ဘောလီဘောပြိုင်ပွဲ(၁၆)သင်းနှင့် ပိုက်ကျော်ခြင်း(၁၄)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
အဆိုပါပွဲတော်ကို ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကာလတွင် အကျဉ်းချုပ်သာကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင်ပြန်လည်၍ စည်ကားစွာသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူဂေါပကလူကြီးထံမှ သိရသည်။
ခင်လေးနွယ်