ကွမ်းခြံကုန်း ဖေဖေဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်နန့်ဆွေနွယ်ဦးက ၂၁ ရာစု လူငယ်မျိုးဆက်တွေက လူငယ်ပီပီစူးစမ်းချင်စိတ်၊ စွန့်စားလိုစိတ်၊ တီထွင်ကြံဆ ချင်စိတ်များကြောင်း၊ ၂၁ ရာစုမှာကြီးပြင်လာကြတဲ့ Z မျိုးဆက်သစ်တွေရဲ့ အတွေးအမြင်၊ အယူအဆနဲ့ယုံကြည်တန်ဖိုးထားမှုတွေဟာ အရင်းမျိုးဆက်နဲ့ မတူကြောင်း၊ သူတို့ဟာနည်းပ ညာလမ်းကြောင်းပေါ်က မျိုးဆက်တွေဖြစ်ပြီး နည်းပညာနဲ့ယဉ်ပါးကြသူတွေပါ။ ယခင်မျိုးဆက်တွေနဲ့ ကွဲပြားတဲ့အချက်က မီဒီယာကိုဖန်တီးအသုံးပြုတဲ့ ပထမမျိုးဆက်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများ စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဆွေနွယ်(IPRD)