မိုင်းခုတ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ကြံပင်များ ခုတ်သိမ်းချိန်ရောက်၍ ကြံသကာအဖြစ်သို့ ကျိုချက် ရောင်းချရာတွင် ဈေးကောင်းရရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
ကြံပင်များကို အများအားဖြင့် ဇွန်လတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် နှစ်ပေပတ်လည် ကျင်းအတွင်း ကြံလေးဆစ်ပါ လေးချာင်းစီဖြင့် တစ်ကျင်းနှင့် တစ်ကျင်း နှစ်ပေခြားကာ စိုက်ပျိုး ကြောင်း၊ စိုက်ပျိုးပြီး တစ်လအကြာတွင် စတင်အပင်ထွက်ရှိကြောင်း၊ နှစ်စဉ် ဒီဇင်ဘာလ အကုန်မှစကာ ကြံရိုးများကို ခုတ်သိမ်းပြီး အရည်ညှစ်ကာရလာသော ကြံရည်များကို ဒယ်အိုးအတွင်း ထည့်၍ မီးအပူပေးကာ ကြိုချက်ပြီး ခဲစပြုလာပါက မီးဖိုမှချကာ လုံးဝအေးသွားသည်အထိ မွှေပေးရကြောင်း၊ ထို့နောက် ဘလောက်တုံးပြုလုပ် ထားသည့်ဖျာထဲသို့ လောင်းထည့်ကာအခဲခံထားရကြောင်း၊ တစ်ခါချက်လျှင် ၆ ပိဿာ၊ ၇ ပိဿာရရှိကြောင်း ကြံသကာပြုလုပ်ရောင်းချသူ အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်)မှ စိုင်းရွက်က ပြောသည်။
ထို့ပြင် ၎င်း၏ခြံထဲတွင် ကြံနှစ်ဧကခွဲစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးစရိတ်အလွန်သက်သာကြောင်း၊ တစ်ခါစိုက်ပြီးပါက ၅ နှစ်၊ ၆ နှစ်ခန့် အထိ ကြံရိုးများ ခုတ်ယူနိုင်ပြီး ကြံသကာအဖြစ်သို့ ကျိုချက်ရောင်းချပါက တစ်နှစ်လျှင် ပိဿာချိန်(၁၀၀၀)ကျော်ရရှိကြောင်း၊ ယခုနှစ် ကြံပေါ်ချိန်၌ ကြံသကာ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် ကြံသကာပြုလုပ်ရောင်းချသူများ တွက်ခြေ ကိုက်လျက်ရှိကြောင်း ပြောသည်။
မိုင်းခုတ်မြို့တွင် ကြံပင်များကို ဝမ်ကတ်ကျေးရွာ၊ ဝမ်လောက်ကျေးရွာနှင့် နောင်ပွန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသော ကြံရိုးများကို ကြံသကာအဖြစ်သို့ ကြိုချက်ရောင်းချရာတွင် အရသာထူးကဲကောင်းမွန်သဖြင့် မိုင်းခုတ်မြို့အတွင်းသာမက မိုင်းဖြတ်မြို့နှင့် မိုင်းယောင်းမြို့များသို့လည်း တင်ပို့ရောင်းချရကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)