လှိုင်ဘွဲမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်းကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာပြည်သူအားလုံးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ပြည်ထောင်စုနေ့ကို တန်ဖိုးထားတတ်စေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ခိုင်မြဲစေရန်အတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာပြည့်ဝပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မိမိတိုင်းပြည်၊ မိမိနိုင်ငံကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် တန်ဖိုးထားရမည့် ပြည်ထောင်စုနေ့ကို သိရှိနိုင်စေရန်အတွက် အသိပညာပေးလူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး(အငြိမ်းစား) ဦးဌေးဝင်းနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်(၃)ဦးတို့ကဦးဆောင်ကာ လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လူငယ်များအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူခြင်း၊ စည်းလုံးညီညွတ်ပြီး မိမိတိုင်းပြည်၊ မိမိနိုင်ငံအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မိမိအနာဂတ်အတွက် ခေတ်မီနည်းပညာများကို ကြိုးစားသင်ယူလေ့လာခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်နှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေထားသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ တောင်တန်းဒေသနှင့်ပြည်မပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ပြည်ထောင်စုနေ့အထိမ်အမှတ်မှတ်တမ်းပုံများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများ၏ ရုပ်ပြဇာတ်လမ်းပုံများ၊ လူကုန်ကူးမှုနှင့့််မူးယစ်ဆေးဝါးအန္တရာယ်များကို ကြိုတင်ကာကွယ်ရမည့်ရှောင်ရှားရမည့်အကြောင်းအရာများ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စောဒိ