မိတ္ထီလာ(မြောက်)ကန် ဆည်ရေသောက်စနစ်ရှိ ရေပေးပြွန်များပြုပြင်ခြင်းလုပ်ငန်းနှင့် ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး

မိတ္ထီလာ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာ(မြောက်)ကန် ဆည်ရေသောက်စနစ်ရှိ ရေပေးပြွန်များပြုပြင်ခြင်းလုပ်ငန်းနှင့် ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာမြောက်မကြီးရေသောက်စနစ်ရှိ မြောင်းခွဲများစွာပါရှိပြီး ရေထုတ်ပြွန်ပေါက်များတွင် ရေတံခါးများမပါရှိသဖြင့် စိုက်ပျိုးရေပေးဝေရာနှင့် ရေရယူရာတွင်စနစ်တကျမရှိဘဲ အလေ့အလွင့်များ များပြားလျက်ရှိသဖြင့် ရေတံခါးတပ်ဆင်ခြင်းနှင့် ရေပေးပြွန်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကျယ် ၉ လက်မရှိ ကွန်ကရစ်ရေထုတ်ပြွန် ၁ လုံး တပ်ခြင်းလုပ်ငန်းနှင့် HR ရေတံခါး ၉ ခု တပ်ဆင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးမိုးထံမှ သိရသည်။

အဆိုပါ ရေပေးပြွန်များပြုပြင်ခြင်းလုပ်ငန်းနှင့် ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်၍ စိုက်ပျိုးဧက ၃၄၀၀ ကို စိုက်ပျိုးရေစနစ်တကျနှင့် ရေလေလွင့်မှုနည်းပါးစွာထုတ်လွှတ်ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်