အလုံ ဖေဖော်ဝါရီ ၉
ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကို ကျယ်ကျယ်ပြန့်ပြန့် သိရှိတန်ဖိုးထားတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်ဟောပြေပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက ပြည်ထောင်စုနေအကြိုအထိမ်းအမှတ် ဟောပြေပွဲနှင့် စာအုပ်၊ စာစောင် ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြသထားသော စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ပြီး အဆိုပါအခမ်းအနားသို့ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)