မိုင်းဖြတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ပူးပေါင်းကွင်းဆင်း ဆောင်ရွက်

မိုင်းဖြတ် ဖေဖော်ဝါရီလ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မွန်ကာကျောင်းအုပ်စု၊ ပါလောင်းကျေးရွာရှိ အ.မ.ကကျောင်း၌ ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရှောလမွန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ လူငယ်နှင့်စာပေအသိပညာဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းက တိရစ္ဆာန်အစာပင်စိုက်ပျိုးရေး၊ ကျွဲ၊ နွားများကို ခြံလှောင်စနစ်ဖြင့် စနစ်တကျ မွေးမြူရေးနိုင်ရေး နည်းလမ်းများ၊ မေထုန်မဲ့သားစပ်နည်းလမ်း၊ ဖြစ်ပွါးတတ်သည့် ရောဂါများကို ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် ကာကွယ်ဆေးများ ထိုးနှံထားရှိရမည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ထိုနောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းတို့က တက်ရောက်လာသော ကျေးလက်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး အာဟာရမုန့်များကို ဝေငှပေးခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျေးလက်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားရှိသော အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)