မြစ်သား ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မြစ်သား)ကျန်စစ်သားခန်းမ၌ ပြသဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များအား အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်မှုများ သရုပ်ပြသခဲ့ကြသည်။
မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် လျှပ်စစ်သုံးစွဲကြသော စက်ရုံ၊ အလုပ်ရုံများ၊ ရုံးဌာနများ၊ စာသင်ကျောင်းများနှင့် ပြည်သူများ၏ နေအိမ်တိုက်တာအဆောက်အဦများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဈေးများသို့လည်း တာဝန်ရှိသူများနှင့်အတူ အရှိန်အဟုန်မြှင့်လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီတာအောင်